သံလွင်အရှေ့ခြမ်း နအဖစစ်တပ် ဂိတ်စခန်းတိုးချ ခရီးသွားများအား တားဆီးစစ်ဆေး

သျှမ်းသံတော်ဆင့် သတင်းမှ

သံလွင်အရှေ့ခြမ်း တာချီလိတ် - မိုင်းဆတ် လမ်းမပေါ် နအဖ စစ်တပ် ကင်းစခန်းများတိုးချထားပြီး ခရီးသွားများအား တားဆီးစစ်ဆေးမှု ပြုလုပ်နေသည်ဟု ခရီးသွားများပြောပြချက်အရ သိရပါသည်။
မတ်ခ်ျ ၂၇ ရက် ဖက်ဆစ်ဂျပန်တော်လှန်ရေး (နအဖတို့၏ တပ်မတော်နေ့) နှောင်းပိုင်း တာချီလိတ်အခြေစိုက် နအဖ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ခင်မောင်စိုးကိုယ်တိုင်လည်း နယ်လှည့်စစ်ဆေးမှု ပြုလုပ်နေသည်ဟု စုံစမ်းသိရှိရပါသည်။

“ဗျူဟာမှူးကိုယ်တိုင်လည်း ကွင်းဆင်းစစ်ဆေးတယ်။ အခု မိုင်းဆတ်နဲ့ တာချီလိတ်ကြား ၆၃ မိုင်/၁၁၀ ကီလိုမီ တာကို လမ်းကင်း နေရာ ၂၀ မက ချထားတယ်၊ အရမ်းစစ်ဆေးတယ်။”- ဟု တာချီလိတ်နေကုန်သည်တဦးက ပြောပါသည်။
ယခင်က တာချီလိတ် - မိုင်းဆတ် လမ်းပိုင်းတွင် ပုန်းထွန်၊ လွယ်တော်ခမ်း၊ မိုင်းတွန်း(မိုင်းတုန်း)၊ လွယ်ဆမ်ဆုံ၊ နမ့်ခုတ် (တံတား) နှင့် မိုင်းဆတ်အ၀င် ဂိတ်တို့သာရှိပြီး ယခုအဆိုပါဂိတ်များကြား၌ လမ်းကင်းတဲအများအပြား ချ၍ စစ်ဆေး သောကြောင့် ခရီးသွားများအတွက် အနှောင့်အယှက်ဖြစ်စေကြောင်းဆက် ပြောပြသည်။

သီးခြားအတည်မြုပနိုင်သေးသည့် သတင်းများအရ သျှမ်းပြည်အပစ်ရပ်နယ်မြေသို့ ချဉ်းကပ်ရောက်ရှိနေသည့် တပ်မ ၃၃၊ ၅၅ ၊ ၇၇ ၊ ၉၉ အပြင် ကရင်ပြည် ဘားအံမြို့ အခြေစိုက် တပ်မ ၂၂ လည်း တက်လာနေကြောင်း ဆို၏။
“အခုဟာက ကျနော်တို့ ၀ တပ်ဖွဲ့တွေဆို ပိုစစ်တယ်။ ဘယ်နှစ်ယောက်လဲ၊ ဘယ်သွားမှာလဲ၊ဘာတွေပါလဲ၊ခေါင်းဆောင် ဘယ် သူလဲ စသဖြင့်မေးမြန်းတယ်” - အမည်မဖေါ်လိုသည့် တောင်ပိုင်း ၀ တပ်မှူးတဦးနှင့် နီးစပ်သူ တဦးက ပြောပါသည်။

ဧပြီ ၁ ရက်နေ့ ၀ ခေါင်းဆောင်နှင့် ဒုဗိုလ်ချုပ်ကြီးရဲမြင့်တို့ တန့်ယန်း၌ တွေ့ဆုံပြီးနောက်ပိုင်း တောင်ပိုင်း ၀ တပ်ဖွဲ့များ မြောက်ပိုင်းဌာနချုပ်တို့ အစည်းအဝေးသွားနေရကြောင်း၊ တန့်ယန်းတွေ့ဆုံပွဲ၌ ၀ တပ်ဖွဲ့ အား ယခုလ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး အသွင်ပြောင်းမည့် တပ်ရင်းအင်အားစာရင်းပေးရမည်ဟု နအဖက ပြောကြောင်း၊ ပေးပို့/ မပေးပို့ မည့်အချက် ဆုံးဖြတ်ရန် ၀ ဘက်က အသည်းအသန်အစည်းဝေထိုင်နေကြောင်း၊ ၀ တပ်ဖွဲ့၏ထပ်မံတောင်းဆိုချက်တို့မှာ သဘောထားပျော့ပြောင်းလာသောကြောင့် စစ်အစိုးရအနေဖြင့်လိုက်လျော သဘောတူသင့်ကြောင်း၊ နောက်ဆုံးဖိအား အထမြောက်စေရန် ယခုကဲ့သို့ လုံခြုံရေးတင်းကြပ်လာခြင်းလည်း ဖြစ်နိုင်ကြောင်း အဆိုပါသတင်းရပ်ကွက်ကပြော၏။

0 comments:

Post a Comment