ဘုရားသုံးဆူတွင်လည်း တိုက်ပွဲဖြစ်ပွား

ဧရာဝတီ သတင်းမှ.....

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ၉၀၇ တပ်ဖွဲ့ဝင်များ ယနေ့ နံနက် ၁၁ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ ဘက်မှ တပ်သားတဦး ကျသွားကြောင်း သိရ သည်။

အဆိုပါ တိုက်ပွဲသည် DKBAတပ်နှင့် စစ်အစိုးရ၏ ခြေလျင် တပ်ရင်း(ခလရ) ၂၈၃ မှ တပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့ပြီး ၎င်းမြို့နယ်ရှိ အစိုးရပိုင် ရုံးတချို့တို့ကို ထိန်းချုပ်ထားပြီး ဒဏ်ရာရရှိထားသော တပ်သား ၃ ဦးကိုလည်း ဖမ်းဆီးထားကြောင်း မြို့ခံများ က ပြောသည်။

“ကိုယ့်နေရာ သူ့နေရာ ယူထားတာပေါ့၊ အခု အသံတွေတိတ်နေတယ်၊ မြို့ထဲမှာ မီးလောင်နေတယ်၊ ဘာမီး လောင်တာလဲ တော့ မသိဘူး၊ မီးခိုးတွေ တလူလူပဲ မြင်နေရတယ်”ဟု ဘုရားသုံးဆူမြို့ ဒေသခံ တဦးက ဧရာဝတီသို့ ပြောသည်။

အခင်းဖြစ်ပွားသည့်နေရာတွင် ဒေသခံများ၏ အခြေအနေကို မသိရှိရသေးသော်လည်း ဒေသခံတချို့က တိုက်ပွဲများ ဆက် လက် ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြကြောင်း ၎င်းက ဆိုသည်။

ဘုရားသုံးဆူမြို့နယ်စပ် ထိုင်းဘက် အခြမ်းသို့ လက်နက်ကြီးကျည် တလုံး ကျရောက်သည့် အတွက် ထိုင်း စစ်သား ၃ ဦး ထိခိုက် ဒဏ်ရာ ရပြီး ယခုအခါ ထိုင်းနယ်ခြားမြို့ ဆန်ခလ ပူရီ ဆေးရုံတွင် တင်ထားကြောင်းလည်း သိရသည်။

နောက်ဆုံး သတင်းအရ မြ၀တီမြို့ရှိ DKBA တပ်ဖွဲ့ဝင်များကို စစ်အစိုးရ တပ်က လက်နက်ကြီးများဖြင့် တိုက်ခိုက်ရန် အတွက် ဒေသခံ အရပ်သားများကို တိမ်းရှောင်ခိုင်းသောကြောင့် ထိုင်းနိုင်ငံ ဘက်သို့ လူဦးရေ ထောင်နှင့် ချီ၍ ထွက်ပြေးနေကြောင်း သိရသည်။

နအဖ အစိုးရ စစ်တပ်နှင့် ရဲများက ပေါ်တာလိုက်လံ ဆွဲနေသဖြင့် ဒေသခံအများစု ထိတ်လန့်ကာ ထိုင်းနိုင်ငံဘက်ခြမ်း သို့ ပြေးဝင် ခိုလှုံ လာနေကြောင်း မြဝတီ ဒေသခံတဦးကလည်း ဧရာဝတီသို့ သတင်းပေးပို့သည်။

ထွက်ပြေးတိမ်းရှောင်သူတဦးက“အခြေအနေကတော့ သိပ်မကောင်းဘူး၊ မကြာမကြာ သေနတ်သံတွေ ကြားနေရတုန်းပဲ၊ ကျနော့်မိသားစုနဲ့ ကလေးတွေကတော့ ဘယ်ရောက်နေလဲ မသိဘူး၊ ထိုင်းဘက်ကမ်းကို ရောက်မလား၊ ဘုန်းကြီး ကျောင်း ဘက် ရောက်မလား မသိဘူး”ဟု ပြောသည်။ ဘုန်းကြီးများတွင်လည်း ထွက်ပြေးလာသူများနှင့် ပြည့်နေကြောင်း သိရသည်။

မြဝတီမြို့ရှိ အဓိကကျသော အစိုးရရုံး နေရာများကို ဗိုလ်မှူးကြီး စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွေး) ဦးဆောင်သော DKBA တပ် ဖွဲ့ဝင် များက ထိန်းချုပ်ထားပြီဖြစ်ကြောင်း သိရသည်။

နအဖတပ်များကလည်း ပြန်လည်သိမ်းပိုက်ရန် တပ်များစုစည်းနေကြောင်း၊ တိုက်ပွဲများအတွင်း ၇ ဦးသေဆုံးပြီး ၂၀ ခန့် ဒဏ် ရာရကြောင်း သိရသည်။ ကြံ့ဖွံ့ပါတီမှ ကိုယ်စားလှယ်တဦး၏ ဖခင်ဖြစ်သူလည်း အသတ်ခံရသည်ဟု သတင်းရသည်။

မြ၀တီ-မဲဆောက် ချစ်ကြည်ရေး တံတား ထိုင်းဘက်ကမ်းထိပ်သို့ လက်နက်ကြီးကျည်များ ကျရောက်သည့်အတွက် ထိုင်းအမျိုး သမီး တဦးဒဏ်ရာရရှိကြောင်း မျက်မြင်တဦးက ပြောသည်။ ယင်းပစ်ခတ်မှုများကြောင့် အနည်းဆုံး ဒေသခံ ၇ ဦး ဒဏ်ရာရ ရှိ ကြောင်း လည်း သိရသည်။

တံတားအနီး ပတ်ဝန်ကျင်၌ ရှိသော ထိုင်းဒေသခံများကိုလည်း ထိုင်းအစိုးရ အာဏာပိုင်များက လုံခြုံရေးအရ တိမ်းရှောင်နိုင် ရန် အသိပေးထား သကဲ့သို့ ထိုင်းစစ်သားများက နယ်စပ်တလျှောက် လုံးခြုံရေး တင်းကျပ်ထားသည်။

မြ၀တီမြို့၏ စစ်ရေးဗျူဟာ အချက်အချာကျသည့် နေရာများတွင် DKBA တပ်ဖွဲ့ဝင်များက နေရာ ယူထား ပြီး နအဖ တပ်များ က DKBA ကို တိုက်ခိုက်လာနိုင်ကြောင်း သတင်းများအရ သိရသည်။

ယမန်နေ့က ရွေးကောက်ပွဲ ကျင်းပနေစဉ်မှာပင် မြ၀တီမြို့နယ် ရဲစခန်းနှင့် နယ်စပ် ဂိတ်တချို့ကို DKBA တပ်ဖွဲ့ဝင်များက ၀ိုင်း ထား ခဲ့ခြင်းနှင့် ပတ်သက်၍ ဘုရားသုံးဆူမြို့တွင်လည်း ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment