တိုက်ပွဲအခြေအနေများ (Breaking News)

ဆုံဆည်းရာ မှ.......

နံနက်(၁၂ နာရီ ၄၆ မိနစ် ) နအဖနဲ့ ဒီကေဘီအေတပ်များ တဖက်နဲ့ တဖက် ပစ်ခတ်မှုတွေ ရပ်ထားတယ်လို့ သိရှိရပါတယ်။ ဒီကေဘီအေ တပ်တွေကတော့ မြ၀တီမြို့ မေတ္တာလင်းမြိုင်ဘက်မှာ စခန်းထိုင်ထားပြီး ပြန်လည်ထိုးစစ်ဆင်ဖို့ လူအင်အား၊ လက်နက်အင်အား ပြင်ဆင်နေတယ်လို့ နောက်သတင်းရရှိပါတယ်။

နံနက်(၁၁ နာရီ ၄၄ မိနစ် ) မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီတွင် မြ၀တီမြို့တွင် တိုက်ပွဲများ ပြင်းထန်နိုင်တယ်လို့ ဒီကေဘီအေနဲ့ နီးစပ်သူတဦးက ပြောဆိုသည်။ ဒီကေဘီအေဘက်မှာ ဦးဆောင်သူ ဗိုလ်မှူးစောလားဘွယ် ဆုတ်လို့မပြောမချင်း ဘယ်တော့မှ မြ၀တီမြို့မှ ဆုတ်ခွာမဟုတ်ဘူးလို့ ဒီကေဘီအေ ဘက်မှပြောသည်။

နံနက်(၁၁ နာရီ ၃၃ မိနစ် ) လတ်တလော အတည်မပြုနိုင်သေးသည့် သတင်းများအရ မြ၀တီမြို့နှင့်နီးသည့် ဝေါလေ ဘက်မှလည်း တိုက်ပွဲတွေဖြစ်ပေါ်နေကြောင်း သိရှိရသည်။ စစ်ရေးသုံးသပ်သူတဦး အပြောအရ တံတားတွေ ကျိုးသွားသည့်အတွက် လတ်တလော စစ်ကူလာလို့မရတဲ့အတွက် ရှေ့တန်းအထိုင်တပ်တွေကို မြ၀တီကို စစ်ကူသွားခိုင်းတော့ ရှေ့တန်းအထိုင်တပ်တွေမှာ စစ်အင်အားနည်းတဲ့ အချိန်မှာ ဒီကေဘီအေ ဘက်မှ နအဖ ရှေ့တန်းအခြေစိုက်စခန်းတွေ ၀င်တိုက်တာ ဖြစ်နိုင်တယ်လို့ပြောဆိုသည်။

နံနက်(၁၀ နာရီ ၅၀ မိနစ်) ABSDF (ကျောင်းသားတပ်မတော်)မှ နအဖ စစ်အုပ်စုအား ဒီကေဘီအေ အပါအ၀င် အခြား အဖွဲ့အစည်းများနဲ့ ပူးတွဲတိုက်ပွဲဝင်သွားရန် စုဖွဲ့မှုများ ပြုလုပ်ပြီးစီး၊ တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေကြောင်း ကြေညာချက် ထုတ်ပြန်လိုက်သည်။ ( ABSDF - ထုတ်ပြန်ကြေညာချက်) ကြည့်ရန် ယခု Link ကို နှိပ်ပါ။ တိုက်ရိုက်လင့် http://www.scribd.com/doc/41643779/Statement-on-Attack-Between-DKBA-and-SPDC

နံနက်(၁၀ နာရီ ၃၀ မိနစ်) ရန်ကုန်မြို့နေ ပြည်သူလူထုက ရွေးကောက်ပွဲ အနိုင်ရ သတင်းထက်၊ မြ၀တီ တိုက်ပွဲသတင်းကို ပိုမိုစိတ်ဝင်စားမှုများနေကြောင်း မြို့ခံတဦးမှ ပြောဆိုသည်။ ရန်ကုန်တွင်လည်း ကုန်ဈေးနှုန်း ပိုမိုတိုးမြင့်လာကြောင်းလည်း ပြောဆိုသည်။ လူထုအုံကြွမှုတရပ် ဖြစ်ပေါ်လာနိုင်ကြောင်း ၄င်းက သုံးသပ်ပြောဆိုလိုက်သည်။ ရန်ကုန်တွင် လုံခြုံရေး ပိုမိုတင်းကြပ်နေကြောင်းလည်း သိရှိရသည်။

နံနက်(၁၀ နာရီ ၂၀ မိနစ်) ဘုရားသုံးဆူအခြေစိုက် နအဖ စစ်တပ် ခမရ ၂၈၃ အခြေစိုက် စစ်တပ်ဝင်းကို ဒီကေဘီအေမှ သိမ်းပိုက်မှု မရရှိသေးပါဘူး။ မနက်ပိုင်းက အပြန်လှန် ပစ်ခတ်နေရာမှ ယခု ပစ်ခတ်မှုများ ရပ်နားထားတယ်လို့ သိရှိရပါတယ်။ နအဖ က ဘုရားသုံးဆူအခြေစိုက် ခမရ ၂၈၃ အခြေစိုက် စစ်တပ်ကို စစ်အင်အားဖြည့်ဖို့ စစ်ကူလွှတ်ထားတယ်လို့ သိရှိရပါတယ်။

နံနက်(၁၀ နာရီ ၃ မိနစ်) ဘုရားသုံးဆူမြို့တွင် ဒီကေဘီအေ တပ်ရင်း ၉ဝ၆နှင့် ၉ဝ၇ က အချက်အခြာကျရာ နေရာများကို သိမ်းပိုက်ထားရာမှ ယနေ့မနက် ၈ နာရီက ဒီကေဘီအေနဲ့ နအဖ စစ်တပ်များ အပြန်အလှန်ပစ်ခတ်မှုများ ပြန်လည် စတင်နေပြီဖြစ်ကြောင်း သိရှိရသည်။

နံနက်(၉ နာရီ ၄၇ မိနစ်) မြ၀တီမြို့ပေါ်မှာ ဒီကေဘီအေနဲ့ နအဖ တိုက်ပွဲတွေ ရပ်လိုက်နားလိုက်နဲ့ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ AJC သတင်းဌာန ပြောဆိုလိုက်ပါတယ်။ (ကိုးကား - AJC)
နံနက်(၉ နာရီ ၃၅ မိနစ်) မြ၀တီမြို့ပေါ်မှာ ဖြစ်နေသော စစ်ပွဲအတွက် နအဖ စစ်တပ်မှရန်ကုန်၊ ပဲခူးနှင့် နေပြည်တော် မှ လက်နက်ကြီးတင် စစ်ကား ၆၀ ကျော် စစ်တောင်းမြစ် ကို ကျော်ဖြတ်လာနေကြောင်း သိရှိရသည်။
နံနက်(၉ နာရီ ) ဒီကေဘီအေ ဗိုလ်စောလားဘွယ်တို့နဲ့ ပူးပေါင်းရန် ကေအယ်ယူ တပ်မဟာ ၇ နယ်မြေမှ စစ်ကြောင်းတကြောင်း ယမန်နေ့ညက ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment