၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် ကေအန်ယူ တိုက်တွန်း

ရဲရင့်/ ၁၇ မတ် ၂ဝ၁ဝ(ခေတ်ပြိုင်)

လူထုခေါင်းဆောင်နှင့် တိုင်းရင်းသားခေါင်းဆောင်များ ပါဝင်ခွင့်မရှိသည့် နအဖပြုလုပ်သော ၂၀၁၀ ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်ကို ဆက်လက်ချုပ်ကိုင်နိုင်ရန်အတွက် ဖြစ်သောကြောင့် နိုင်ငံတကာနှင့်ပြည်သူတရပ်လုံးက ဆန့်ကျင်တိုက် ဖျက်ကြရန် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က ယမန်နေ့တွင် ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်သည်။

နိုင်ငံတကာနှင့်ပြည်သူများ၏ ထောက်ခံမှုမရရှိပါက တရားမ၀င်သည့် ရွေးကောက်ပွဲသာဖြစ်မည်ဟု ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒို ဒေးဗစ်သကဘောက ခေတ်ပြိုင်သို့ ပြောသည်။

၎င်းက “နအဖထုတ်တဲ့ ရွေးကောက်ပွဲဥပဒေက မတရားတဲ့ဥပဒေဖြစ်တယ်။ ကန့်သတ်ချက်တွေနဲ့ လူထုခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေကို ပါဝင်ခွင့်မရအောင် ပိတ်ပင်ထားတယ်။ စစ်အာဏာရှင်စနစ် တည်တံ့ဖို့ ဆက်လုပ်နေတာ ဖြစ်တော့ နိုင်ငံတကာကလည်း ထိရောက်တဲ့ သံတမန်နည်းလမ်းနဲ့အတူ၊ လူထုကလည်း တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းထားတာ ဖြစ်တယ်” ဟု ပြောသည်။

နိုင်ငံတကာက စောင့်ကြည့်နေသည့်ကြားမှ နအဖက ၂၀၁၀ ရွေးကောက်ပွဲကို ၎င်းတို့စိတ်ကြိုက် မဖြစ်မနေကျင်းပခဲ့ပါက နိုင်ငံတကာ၏ ထောက်ခံမှုကို ရရှိမည်မဟုတ်သည့်အပြင် တိုင်းပြည်အတွင်း အခြေအနေများ ဆိုးဝါးလာမည်ဟုလည်း ၎င်းက ပြောသည်။

“နိုင်ငံတကာနဲ့ပြည်သူလူထုရဲ့ တောင်းဆိုချက်တွေကို မသိကျိုးကျွန်ပြုရင်တော့ တိုင်းပြည်မှာ ငြိမ်းချမ်းတည်ငြိမ်မှု ဘယ်လိုမှ မရှိလာနိုင်ဘူးဆိုတာကို နိုင်ငံတကာကလည်း ထောက်ပြထားပြီးဖြစ်တယ် စစ်အာဏာရှင်စနစ် တည်မြဲစိုးမိုးရေးအတွက် လုပ်နေတဲ့ လုပ်ရပ်တွေကို လုံးဝဆန့်ကျင်တိုက်ပွဲဝင်ရမယ်” ဟုလည်း ပဒို ဒေးဗစ်သကဘောက ဆက်ပြောသည်။

လူထုကိုကိုယ်စားမပြုသည့် ၂၀၀၈ ဖွဲ့စည်းပုံ၏အဆက်ဖြစ်သည့်၂၀၁၀ ရွေးကောက်ပွဲကို လုံးဝအယုံအကြည်မရှိသည့်အတွက် ဆန့်ကျင်တိုက်ဖျက်မှုများ စီစဉ်ဆောင်ရွက်နေသည်ဟု ကရင်အမျိုးသမီးအစည်းအရုံး (ကေဒဗလျူအို) က ပြောသည်။

အဖွဲ့၏အတွင်းရေးမှူး နန်းဒါးအဲ့ကလယ်က “ဒီရွေးကောက်ပွဲက ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ သွားတာမဟုတ်ဘူး။ လူထုကိုလည်း ကိုယ်စားမပြုတဲ့အတွက် လုံးဝအယုံအကြည်မရှိဘူး။ ကျမတို့အမျိုးသမီးထုကတော့ ဒီရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်သွားမှာ ဖြစ်တယ်” ဟု ပြောသည်။

နအဖကျင်းပမည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများအားလုံး ပါဝင်နိုင်ခြင်းမရှိသည့်အပြင် လွတ်လပ်မှု၊ တရားမျှတမှုများ ရှိမည်မဟုတ်ကြောင်း ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအစိုးရများက ထောက်ပြဝေဖန်လျက်ရှိသည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် ၁၉၄၉ ခုနှစ် ဇန်န၀ါရီလ (၃၁) ရက်နေ့မှစတင်ပြီး လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲလာခဲ့သည်မှာ နှစ် (၆၀) ရှိပြီဖြစ်သည်။

0 comments:

Post a Comment