ရွေးကောက်ပွဲကို ပြည်သူများ မယုံကြည်

လင်းနိုင်ဦး (ခေတ်ပြိုင်)

နအဖစစ်အစိုးရအနေဖြင့် ယခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပပေး၍ အနိုင်ရပါတီတခုခုအား အာဏာလွှဲပြောင်းပေးပြီး အစိုးရ အပြောင်းအလဲ ဖြစ်မည်ဆိုခြင်းကို ပြည်သူအများစုက ယုံကြည်မှုမရှိကြောင်း စုံစမ်းသိရသည်။

ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ မော်လမြိုင်၊ ထားဝယ်မြို့တို့တွင် ခေတ်ပြိုင်မှ စုံစမ်းမေးမြန်းချက်များအရ နအဖက ရွေးကောက်ပွဲ ဥပဒေထုတ်ပြန်ထားပြီး ယခုနှစ်အတွင်း ပြုလုပ်မည့် ရွေးကောက်ပွဲသည် စစ်အစိုးရ၏ အာဏာတည်မြဲရေး လုပ်ရိုးလုပ်စဉ် လုပ်ငန်းစဉ်တခုအဖြစ်သာ အောက်ခြေ သာမန်ပြည်သူအများစုက ရှုမြင်ကြပြီး မည်သည့်အပြောင်းအလဲမှ ဖြစ်ပေါ်လာလိမ့်မည်မဟုတ်ဟု ထင်မြင်ယူဆနေကြသည်။

စစ်အစိုးရ အာဏာပိုင်အသိုင်းအဝိုင်းနှင့် နီးစပ်သည့် ရန်ကုန်မြို့ခံ အိမ်ခြံမြေ လုပ်ငန်းရှင်အမျိုးသမီးတဦးက “ကျမတို့ ကြားတာကတော့ ဘယ်ဝန်ကြီးဌာနကို ဘယ်သူတွေ တာဝန်ယူမယ် ဆိုတာတွေကအစ ပြင်ဆင်ပြီးနေပြီလို့ သိရတယ်။ ဆိုတော့ ရွေးကောက်ပွဲလုပ်လည်း လုပ်တာပဲ ရှိမယ်၊ ဘာအပြောင်းအလဲမှ ရှိမယ်လို့ မထင်ဘူး” ဟု ပြောသည်။

မော်လမြိုင်မြို့ခံ ဆရာဝန်တဦးက “ဒီမြို့မှာတော့ ဘယ်သူမှ သိပ်စိတ်မဝင်စားကြဘူး။ သတင်းစာတောင် ဖတ်ကြတာ မဟုတ်ဘူး။ ကိုယ်က ဈေးထဲ၊ အလုပ်ခွင်ထဲ သွားလို့ ရွေးကောက်ပွဲကို ဘယ်လို ထင်လဲလို့ စပ်စုမိတယ်။ အများစု နားလည်နေကြတာကတော့ ရွေးကောက်ပွဲဆိုတဲ့ အသံတွေ ထွက်လာပေမယ့် ဘာအပြောင်းအလဲမှ ရှိမှာမဟုတ်ဘူးဆိုတာပဲ” ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဝါရင့်သတင်းစာဆရာကြီးတဦးက “မြန်မာပြည် ပြည်သူတွေဟာ နိုင်ငံရေးအရ အလွန်ပါးနပ်တဲ့ လူမျိုးတွေ ဖြစ်တယ်။ ခု အခြေအနေမှာလည်း စစ်အစိုးရ ဘာလုပ်မယ်ဆိုတာကို သူတို့ ကောင်းကောင်းသိတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မတရား အတည်ပြုခဲ့တဲ့ အတွေ့အကြုံ သူတို့မှာ ရှိနေတယ်။ စစ်အစိုးရဟာ လက်ရှိ စစ်တပ်နဲ့ ပြောင်ပြောင်တင်းတင်း အုပ်ချုပ်နေရာကနေ ဒီမိုကရေစီနိုင်ငံ ခေါင်းစဉ်ပြောင်းတပ်ပြီး သူတို့ပဲ ဆက်အုပ်ချုပ်ဖို့ လုပ်နေတယ် ဆိုတာကိုလည်း ပြည်သူတွေ ကောင်းကောင်းသိတယ်။ တကယ်တော့ ဒီလို မတရားတဲ့ မမျှတတဲ့ ရွေးကောက်ပွဲဥပဒေတွေ၊ နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့်ဆိုင်ရာ ဥပဒေတွေ ထွက်လာတာကိုမြင်ပြီး မမျှော်လင့်မိပါဘူး၊ အံ့သြမိပါတယ်လို့ ပြောတဲ့ နိုင်ငံရေးသမားတွေကမှ ညံ့တာ။ ပြည်သူတွေလောက်တောင် အကင်းမပါးဘူးလို့ ပြောချင်တယ်” ဟု ရှင်းပြသည်။

လက်ရှိ နအဖစစ်အစိုးရက ထုတ်ပြန်ထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတွင် ပါတီဝင် တယောက်ချင်းစီ၏ စာရင်းကို ကော်မရှင်သို့ တင်ပြရမည်ဖြစ်သဖြင့် သာမန်ပြည်သူအများစုကြီးက အစိုးရအလိုတော်ရိ မဟုတ်သည့် ပါတီများသို့ ဝင်ရောက်ဝံ့ကြမည် မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်နေကြသည်။

ယင်းသို့ဖြစ်ရခြင်းမှာ ပြီးခဲ့သည့်အနှစ် (၂ဝ) ကျော် တလျှောက်လုံး စစ်အစိုးရသည် အန်အယ်လ်ဒီအပါအဝင် အစိုးရနှင့် သဘောထားချင်း မတိုက်ဆိုင်သည့် ပါတီတို့မှ ခေါင်းဆောင်များ၊ ပါတီဝင်များကို အစိုးရနှင့်ဆက်နွှယ်သော အလုပ်နှင့် သာမန်စီးပွားရေးကအစ မလုပ်နိုင်ရန် နည်းအမျိုးမျိုးသုံး ဖိနှိပ်ကန့်သတ်ထားရုံမက နိုင်ငံရေးသမားတို့၏ ဇနီး၊ ခင်ပွန်း၊ သားသမီး၊ မောင်နှမ၊ မိဘများကိုလည်း စီးပွားရေး၊ လူမှုရေး နယ်ပယ်တို့တွင် မဝင်ဆန့်နိုင်ရန် အမျိုးမျိုး ဖိနှိပ်ခဲ့ခြင်း၊ ဖိနှိပ်နေဆဲ ဖြစ်သည်ကို ပြည်သူများ မြင်တွေ့ ကြားသိ နေကြရ၍ဖြစ်သည်။

0 comments:

Post a Comment