၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် အတိုက်အခံများ လှုပ်ရှားမှု စတင်

မြန်မာစစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ရန် ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုအဖြစ် စတင်သည့် သတင်းစာရှင်းလင်းပွဲတရပ်ကို ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များကလပ်တွင် ယနေ့ကျင်းပသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် မြန်မာပြည်ဒီမိုကရက်တစ်အင်အားစု (အက်ဖ်ဒီဘီ) မှ နိုင်ငံခြားရေးကော်မတီ အတွင်းရေးမှူး ဒေါ်ခင်ဥမ္မာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (အမ်ပီယူ) ၏ အတွင်းရေးမှူး ဦးသိန်းဦး၊ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ၏ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်တို့က ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်သည့် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုနှင့်ပတ်သက်၍ နိုင်ငံတကာ သတင်းထောက်များနှင့် သံတမန်များကို ရှင်းလင်းပြောကြားကြသည်။

ဒေါ်ခင်ဥမ္မာက “၂၀၁၀ ရွေးကောက်ပွဲဟာ ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးဆိုတာ သူတို့ထုတ်တဲ့ဥပဒေတွေက သက်သေပြလိုက်တယ်။ အဲဒီအပေါ်မှာ နိုင်ငံတကာအစိုးရတွေကို နအဖရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ရှုတ်ချကြဖို့၊ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုကြဖို့ ကျမတို့ ဒီကမ်ပိန်းကနေ တောင်းဆိုပါတယ်။ ဒီကမ်ပိန်းကို နိုင်ငံအရပ်ရပ်မှာရှိတဲ့ မြန်မာအင်အားစုတွေနဲ့ မြန်မာ့အရေး ထောက်ခံအားပေးတဲ့ အင်အားစုအဖွဲ့ပေါင်း (၁၅၀) ကျော်က ထောက်ခံတောင်းဆိုထားပြီး ဖြစ်ပါတယ်။ ကမ္ဘာ့ပြည်သူလူထုကလည်း သူတို့အစိုးရတွေက ဒီရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချကြဖို့အတွက် တောင်းဆိုတာတွေကိုလည်း လုပ်ဆောင်သွားမှာဖြစ်တယ်” ဟု ရှင်းလင်းပြောကြားသည်။

နိုင်ငံတကာတွင် ရောက်ရှိနေကြသည့် မြန်မာ့အရေးဆောင်ရွက်နေသူများနှင့် နိုင်ငံတကာမှ မြန်မာ့အရေးဆောင်ရွက်နေသည့် အဖွဲ့များကလည်း ၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကန့်ကွက်ရှုတ်ချမှုများ စတင်လှုပ်ရှားဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။

နော်စီဖိုးရာစိန်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ၏အဆက်ဖြစ်သည့် ၂၀၁၀ ရွေးကောက်ပွဲကို တိုင်းရင်းသားအင်အားစုများအနေဖြင့် လုံးဝလက်မခံနိုင်ကြောင်း၊ တိုင်းရင်းသားလူမျိုးစုများသည် ဆယ်စုနှစ်ပေါင်းများစွာ စစ်အာဏာရှင်၏ဖိနှိပ်မှု ခံလာရကြောင်း၊ ရွေးကောက်ပွဲလုပ်လျှင် အသက်ဝင်လာမည့် ၂၀၀၈ ဖွဲ့စည်းပုံမှာ တိုင်းရင်းသားပြည်သူများကို ပိုမို၍အဖိနှိပ်ခံဘ၀သို့ ရောက်စေမည်ဖြစ်ကြောင်း စသဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းချက်များကို ဖြေကြားခဲ့သည်။

ထို့အပြင် စစ်အစိုးရက တိုင်းရင်းသားအပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အတင်းအဓမ္မ သစ္စာခံစေခြင်းသည် မဖြစ်နိုင်ကြောင်း၊ စစ်အင်အားအလုံးအရင်းသုံးပြီး ကိုးကန့်ကို တိုက်သကဲ့သို့လုပ်ပါက ပြည်တွင်းစစ်ကြီးပြန်ဖြစ်ပြီး ဆိုးဝါးသည့်အနေအထားများသာ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း နော်စီဖိုးရာစိန်က ပြောကြားသည်။

လက်ရှိ ကရင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ ဒုက္ခသည်ပြဿနာများအရေးနှင့် အခြားအခြေအနေဆိုးများကို ထောက်ပြပြောဆိုခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲသည် နိုင်ငံရေးပြဿနာများကို ပြေလည်စေမည်မဟုတ်ဘဲ အခြေအနေဆိုးများကိုသာ ပိုမိုဖြစ်ပေါ်စေမည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဦးက “ဒီလှုပ်ရှားမှုက လာမယ့် ၂၀၁၀ ရွေးကောက်ပွဲဟာ တရားမျှတမှုမဖြစ်နိုင်ဘူး၊ ၀ိုင်းဝန်းရှုတ်ချကြဖို့၊ ထွက်လာတဲ့ရလဒ်ကို အသိအမှတ်မပြုကြဖို့ သတင်းစာရှင်းလင်းပွဲလုပ်တာဖြစ်တယ်။ နိုင်ငံတကာ လှုပ်ရှားမှုကို စတင်ပြီး ခေါ်တာဖြစ်တယ်။ သက်ဆိုင်ရာနိုင်ငံတွေမှာ ရှိတဲ့အစိုးရတွေကိုလည်း လော်ဘီလုပ်ပြီးတော့ ဒီရွေးကောက်ပွဲကို ရှုတ်ချဖို့၊ အသိအမှတ်မပြုဖို့ လုပ်တဲ့ပွဲဖြစ်တယ်” ဟု ပြောသည်။

ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲသို့ ထိုင်းအခြေစိုက် နိုင်ငံတကာသံရုံးတို့မှ တာဝန်ရှိသူများ၊ မြန်မာ့အရေး ဆောင်ရွက်နေသည့်အဖွဲ့များ၊ အစိုးရမဟုတ်သည့်အဖွဲ့များ၊ နိုင်ငံတကာမှ သတင်းဌာနများ တက်ရောက်ခဲ့ကြသည်။

ခေတ်ပြိုင်သတင်း မှ

0 comments:

Post a Comment